ဇန်နဝါရီ မှာ ကစားသမားသစ် ခေါ်ယူဖို့ မဖြစ်နိုင်တဲ့အကြောင်း ပြောပြသွားတဲ့ ကလော့ပ်

 

လီဗာပူးဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ကို 5 မှတ် အသာ နဲ့ ဦးဆောင်နိုင်ခဲ့သည့်တိုင်အောင် ၊ နောက်ဆုံး ကစားခဲ့တဲ့ 3 ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးလိုက်ချိန်မှာတော့ ခံစစ် ဒဏ်ရာပြသနာတွေ အပေါ် ထောက်ပြဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

နောက်ဆုံး ရှုံးနိမ့်ခဲ့တဲ့ ဆောက်သမ်တန် နဲ့ ပွဲစဉ်မှာ ဆိုရင် အသင်းရဲ့ ကစားပုံဟာ လီဗာပူး လို့ မထင်ရလောက်အောင်ကို ယိမ်းယိုင်ခဲ့ပြီး ၊ ခံစစ်နေရာမှာလဲ ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ ဟန်ဒါဆင် နဲ့ ဖာဘင်ဟို တို့ကို အသုံးပြုခဲ့ ရပါတယ်။

အသင်း အားပေးသူ ပရိသတ်တွေ ကတော့ လက်ရှိ ရလာဒ်ဆိုးတွေကြောင့် ခံစစ်မှုး တစ်ယောက်တော့ မဖြစ်မနေ ဝယ်ယူလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။

ဒါ့အပြင် ကစားသမားဟောင်းကြီးတွေ ဖြစ်တဲ့ ကာရေဂါ ၊ ဂျွန်ဘန်းစ် တို့ကလဲ ခံစစ် ပြသနာ ကို အမြန်ဆုံး အဖြေရှာဖို့ တိုက်တွန်းခဲ့ပြီး ၊ နောက်ထပ် အားဖြည့်မှုတွေသာ မလုပ်နိုင်ဘူး ဆိုရင် လီဗာပူး ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု ကာကွယ်ဖို့ မျှော်လင့်ချက်ဟာ ေ၀ဝါးသွားနိုင်တယ်လို့တောင် သုံးသပ်ခဲ့ပါတယ်။

ဒီကနေ့မှာတော့ နည်းပြကြီး ယာဂန် ကလော့ပ် ကိုယ်တိုင်က ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအပေါ် သူတို့ ရဲ့ သဘောထားကို အခုလိုပဲ ပြောပြသွားခဲ့ ပါတယ်။

“ ဒီအပြောင်းအရွှေ့မှာ တစ်ခုခုများ ဖြစ်လာမလား ဆိုတာတော့ ကျနော်လဲ မသိသေးပါဘူး။ တကယ်လို့ ကာလတို ဖြေရှင်းချက် ပုံစံမျိုး နဲ့ ခေါ်ယူလိုက်မယ် ဆိုရင်လဲ အသင်းအတွက် သေချာပေါက် အလုပ်ဖြစ်မယ်ဆိုတာ ပြောလို့ မရသေးဘူးလေ။

ပြောနိုင်တာ တစ်ခုက ကျနော်တို့ဟာ ကစားသမားသစ်တွေ လုံး၀ မခေါ်တော့ဘူး လဲ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိ တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ အနေအထားတွေ နဲ့တော့ ကစားသမားသစ် ခေါ်ယူရတာ ခက်ပါတယ်။

တစ်ချို့ ကလပ်တွေမှာ ဘဏ္ဍာရေး ကိစ္စက ပြသနာ မရှိပေမယ့် ၊ လီဗာပူး မှာတော့ ပိုင်ရှင်တွေဟာ တာဝန်ယူမှု အရမ်း ကြီးမားကြတာပါ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

လီဗာပူး ပရိသတ်တွေ အကြားမှာ ကစားသမား ခေါ်ယူမှု နဲ့ အတူ နောက်ထပ် နားစွင့်နေတဲ့ အကြောင်းအရာ က ကွင်းလယ် ကစားသမား ဝိုင်နယ်ဒမ် ရဲ့ စာချုပ်သစ် အခြေအနေပါ။

ကစားသမား ဟာ လီဗာပူး က ကမ်းလှမ်းထားတဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်က တစ်ပတ် လုပ်ခ ပေါင် 200000 ဝန်းကျင် အထိ တောင်းဆိုထားတယ်လို့ သိရပါတယ်။

ကာယကံရှင် ကိုယ်တိုင်ကလဲ အသင်းပြောင်းဖို့ ဆန္ဒမရှိသည့်တိုင်အောင် ၊ စာချုပ်သစ် ကိစ္စက ညှိလို့ မရပဲ ဖြစ်နေတာ ဖြစ်ပါတယ်။

အဲဒီ အကြောင်းတွေ နဲ့ ပတ်သက်ပြီး ကလော့ပ် ကို မေးမြန်း ရာမှာတော့ အခုလိုပဲ ပြန်လည် ဖြေကြားသွားခဲ့ ပါတယ်။

“ ဂျီနီ ရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျနော့်ဘက်က အကုန်ပြောခဲ့ပြီးပါပြီ။ ဒီ ကစားသမားကို ဘယ်လောက်အထိ သဘောကျမိတယ် ဆိုတာလဲ အကြိမ်ပေါင်း များစွာ ပြောထားခဲ့တာပါ။ ဒါကြောင့် နောက်ထပ် ပြောစရာ မရှိတော့ပါဘူး။

ဒီအကြောင်းအရာ အပေါ် ဆုံးဖြတ်ချက် တစ်ခုခု ချမှတ်လိုက်ပြီ ဆိုတာ နဲ့ မီဒီယာတွေ ကို အသိပေးပါလိမ့်မယ်။ လောလောဆယ်တော့ ပြောစရာ မရှိသေးပါဘူး” လို့ မှတ်ချက်ပေးသွားခဲ့ ပါတယ်။

ကွင်းလယ် ကစားသမား နာဘီ ကီတာ ဟာ ဒဏ်ရာပြသနာ ကနေ ပြန်လည် သက်သာလာခဲ့ပြီ ဖြစ်သော်လဲ ၊ အက်စ်တွန်ဗီလာ နဲ့ ပွဲကိုတော့ ပါဝင် ကစားပေးနိုင်မှာ မဟုတ်ပါဘူူး။ မာတစ် ကတော့ ယူနိုက်တက် နဲ့ ပွဲ အမှီ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Comments

  1. Hello! I'm interested in advertising on your apps! Can we chat? Let me know. respond to pedro.ferreira@ads-supplier.com
    Cheers

    ReplyDelete

Post a Comment

Popular posts from this blog

King Sport App